Friday, May 10, 2013

ဧရာဝတီတိုင်းဒေသကြီးမြို့တော် ပုသိမ်

  ပုသိမ်မြို့သည် ဧရာဝတီတိုင်း၏မြို့တော်ဖြစ်ပြီး ၁၉၈၃ ခုနှစ်စစ်တမ်းအရ လူဦးရေမှာ (၁၄၄၀၉၂) ဦး ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၏ အနောက်ဘက် ပုသိမ်မြစ်(င၀န်မြစ်) ကမ်းဘေးတွင် တည်ရှိကာ ရန်ကုန်မြို့မှ အနောက်ဘက် ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်)ခန့်ကွာဝေးပါသည်။ ပင်လယ်မှဝေးကွာသော်လည်း ရန်ကုန်ပြီးလျှင် ပင်လယ်ကူး သင်္ဘောကြီးများ ဆိုက်ကပ်နိုင်သည့် အရေးကြီးသည့် မြစ်ဝကျွန်းပေါ် ဆိပ်ကမ်းမြို့ဖြစ်သည်။ ထို့ပြင် မီးရထားလမ်းဆုံး မြီု့လည်းဖြစ်သည်။ ပုသိမ်မြို့မှာ ဆန်ကြိတ်ခွဲတင်ပို့သည့် အဓိကမြို့တစ်မြို့လည်း ဖြစ်ပါသည်။ ၁၈၂၆ ခုနှစ် ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီး ဗြိတိသျှတပ်များ ခံတပ်တည်ဆောက်ခဲ့သည့် နေရာလည်းဖြစ်သည်။
    ယခုအခါ ပုသိမ်မြို့မှာ ဗုဒ္ဓဘာသာဘုရား ကျောင်းကန်များ၊ ပုသိမ်ထီး လုပ်ငန်းများဖြင့် စည်ကားလျက်ရှိပြီး ငြိမ်းချမ်းသာယာသည့် လှပသောဆိပ်ကမ်းမြို့ ငယ်လေးတစ်မြို့အဖြစ်ရပ်တည် လျက်ရှိပါသည်။ ဝါးကိုအခြေခံပြီး လက်မှုပညာဖြင့်ပြုလုပ်သော အရောင်အသွေးစုံလင်သည့် ပုသိမ်ထီးဖြင့် မြန်မာနိုင်ငံ၏ ကျော်ကြား သည့်အရာ တစ်ခုဖြစ်ပါသည်။ တစ်ချိန်က ပုသိမ်မြို့သည် မွန်ဘုရင်အုပ်ချုပ်သည့် ဒေသတစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သော်လည်း ယခုအခါ မွန်ယဉ်ကျေးမှု အငွေ့အသက် အနည်းငယ်သာကျန်ရှိပြီး မွန်လူမျိုးများစွာမှာလည်း ကရင်နှင့် ရခိုင်တို့ ထက်နည်းပါးသည်ကို တွေ့ရပေမည်။
    ပုသိမ်မြို့အဓိက လည်ပတ်စရာတစ်ခုမှာ ရွှေမုဋ္ဌောဘုရားဖြစ်ပြီး ဘီစီ ၃၀၅ ခုနှစ်တွင် အိန္ဒိယရှိ အာသောက ဘုရင်မှ စတင်တည်ထားကိုးကွယ်ခဲ့သည်ဟု ယုံကြည်ခဲ့ကြသည်။ အေဒီ ၁၁၁၅ ခုနှစ်တွင် ပုဂံပြည့်ရှင် အလောင်းစည်သူမင်းက စေတီတော်ကို (၁၁) မီတာ(၃၆ ပေခန့်) အမြင့်ထိ တည်ထားခဲ့ပြန်ပါသည်။ ထိုမှတစ်ဖန် အေဒီ ၁၂၆၃ တွင် သမုဒ္ဒဃောသဘုရင်က မီတာ၄၀(၁၃၁ပေခန့်) အမြင့်ထိ ထပ်မံတည်ထားခဲ့ပါသည်။ ယခုအခါ ရွှေမုဋ္ဌောစေတီတော် မြတ်၏ ဥာဏ်တော်မှာ ၄၆.၆ မီတာ (၁၅၂ ပေခန့်) ထိရှိနေပြီး ဖြစ်ပါသည်။ စေတီတော်မြတ်ထီးတော် ၏အပေါ်ပိုင်းကို ရွှေအလေးချိန် ၅.၃ ကီလိုဂရမ် (၃ ပိဿာ ၉၃ ကျပ်သားခန့်) ဖြင့်လည်းကောင်း၊ အလယ်ပိုင်းကို ငွေဖြင့်လည်း ကောင်း၊ အောက်ပိုင်းကို ကြေးနီဖြင့်လည်းကောင်း ပြုလုပ်ထားပြီး စိန် (၈၂၉)လုံး၊ ပတ္တမြား (၈၄၃) လုံးနှင့် အဖိုးတန် ကျောက်မျက်ရတနာ (၁၅၈၈) လုံးတို့ဖြင့် ကြည်ညို သပ္ပါယ်ဖွယ်ရာ လှူဒါန်း ကြည်ညိုခဲ့ကြပါသည်။ 
ပုသိမ်မြို့ အနောက်ဘက် ကီလိုမီတာ ၄၀ (၂၅ မိုင်) အကွာတွင် တည်ရှိပြီး ရန်ကုန်မြို့မှ ကားဖြင့် (၅) နာရီခန့်မောင်းလျှင်ရောက် ရှိနိုင်ပါသည်။ ချောင်းသာ ကမ်းခြေမှာ စိတ်ဝင် စားဖွယ် ကျယ်ပြန့်သော ကမ်းခြေတစ်ခု ဖြစ်၏။ ကျယ်ပြန့်သော သောင်ပြင်၏ နောက် ဘက်တွင် အုန်းပင်များ သာမက ပင်လယ်ကဗွီးပင်များ ကိုလည်းတွေ့နိုင်၏။ ကမ်းမှ မျှော်ကြည့်လျှင် ကျွန်းငယ် နှစ်ကျွန်းကို လှမ်းမြင် နိုင်မည်ဖြစ်သည်။

No comments:

Post a Comment